အောင်မြင်မှုဆိုတာ ရလဒ်လား၊လုပ်ရပ်လား -လုထုစိန်ဝင်း

1:32 PM Posted by mintaryar

အတော်များများက လူငယ်စာရေးဆရာ (လူငယ်တွေအကြောင်း ရေးတာကိုပြောတာပါ) အဖြစ် အသိအမှတ်ပြုထားကြပြီးတော့ လူငယ်တွေအကြောင်း စာရေးပေးဖို့ အမြဲလိုလိုတောင်းဆိုတတ်ကြတယ်။ အထူးသဖြင့် လူငယ်တွေအတွက် အောင်မြင်ရေးတို့၊ ဘ၀လမ်းညွှန်တို့၊ ဆိုတာမျိုးတွေကို လိုချင်ကြတာများတယ်။ အောင်မြင်ရေးဆိုတာ လူငယ်တိုင်းအတွက် ဘ၀ရည်မှန်းချက်လို့ သူတို့ယူဆထားကြပုံရပါတယ်။

လမ်းမညွှန်တတ်
နှစ်ပေါင်းနှစ်ဆယ်အစိတ် ကျောင်းဆရာအလုပ် လုပ်ခဲ့ဖူးတော့ ကျောင်းသားလူငယ်တွေနဲ့ လက်ပွန်းတတီး နီးစပ်မှုရှိပါတယ်။ လူငယ်တွေရဲ့ စရိုက်ကိုလည်း တော်တော်လေးနားလည်နိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ပတ်သက်တဲ့ စာမျိုးတွေ အရေးများတာဖြစ်တယ်။ ဒါပေမယ့် အောင်မြင်ရေးစာပေမျိုး၊ ဘ၀လမ်းညွှန်စာပေမျိုး တွေတော့ မဟုတ်ပါဘူး။ အဲဒါတွေကို နားလည်းမလည်ပါဘူး။ အောင်မြင်သူဘ၀မျိုး တစ်ခါမှ မရခဲ့ဖူးသလို ဘ၀လမ်းညွှန်လုပ်ဖို့ဆိုတာလည်း ကိုယ့်ဘ၀ကိုယ်တောင် လမ်းမညွှန်တတ်လို့ အသွားမတော်တစ်လှမ်း ဆိုတဲ့ ခရီးမျိုး ခဏခဏရောက်သွားခဲ့ဖူးတာလေ။ ဒီတော့ သူများတွေကို အောင်မြင်အောင် ဘယ်လမ်းညွှန်နိုင်မှာလဲ။

သူများတာလို့ လိုက်မတာနဲ့
ကိုယ်ရေးခဲ့တာတွေကို ပြန်စဉ်းစားကြည့်မိတယ်။ အများစုက လူငယ်တွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းပြီး သူများကို အားကိုးလွန်းတာတွေ ပျောက်အောင်လုပ်ဖို့အကြောင်း၊ သူများကွန်ပျူတာဆို လိုက်တာလိုက်၊ သူများ အယ်လ်စီစီအိုင်ဆို လိုက်အိုင်လိုက်၊ သူများ ကိုရီးယားဆို လိုက်ယားလိုက် လုပ်မနေကြဘဲ ကိုယ်ဘာဝါသနာပါတာလဲ၊ ကိုယ်ဘာဖြစ်ချင် လုပ်ချင်တာလဲဆိုတာကို ကိုယ့်ဟာကိုယ် သေသေချာချာသိအောင်လုပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့အကြောင်း Nothing is impossible under the sun လောကကြီးမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဆိုတာကို ယုံကြည်ဖို့အကြောင်း၊ လူဖြစ်လာခိုက်မှာ လူပီသအောင်နေဖို့အကြောင်း လူတိရစ္ဆာန် Manimal မဖြစ်စေသင့်ကြောင်းဆိုတဲ့အကြောင်းတွေသာ များတာကို သတိထားမိပါတယ်။ ဒါမျိုးတွေကို အောင်မြင်ရေးစာပေလို့ မခေါ်နိုင်ဘူးထင်တာပါပဲ။

ဆုံးရှုံးသူတွေလား
အောင်မြင်ရေးဆိုတဲ့ စကားပြောကြလွန်းတော့ အောင်မြင်ရေးဆိုတာ ဘာလဲဆိုတဲ့အကြောင်း စဉ်းစားကြည့်တယ်။ ပညာရေးမှာဖြစ်ဖြစ်၊ စီးပွားရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် ထူးထူးချွန်ချွန်၊ ပေါက်ပေါက်မြောက်မြောက်ဖြစ်တာကို ဆိုလိုတာလား။ ဒါဆိုရင် တစ်ဖက်ဖက်မှာ လူတစ်လုံးသူတစ်လုံး ဖြစ်မလာသူတွေက မအောင်မြင်တဲ့ ဆုံးရှုံးသူတွေလား။ တစ်သက်လုံး မျက်နှာငယ်ငယ်နဲ့ နေရမှာလား။ ဒီလိုတော့ မဟုတ်သေးဘူးထင်တယ်။ လူ့လောကမှာ ထူးချွန်ပေါက်မြောက်ပြီး ထိပ်ဆုံးရောက်သူနဲ့ သူလိုငါလို အလယ်အလတ်နေရာလောက်ရောက်သူ ဘယ်သူက ပိုများသလဲ။ စဉ်းစားဖို့တောင်မလိုဘူး။ လူတိုင်းသိပါတယ်။ လူများစုကြီးဖြစ်တဲ့ သူလိုငါလိုအလယ်အလတ်သမားတွေကို ပစ်ပယ်ထားလိုက်ရင် ဘယ်နိုင်ငံဘယ်လူ့အဖွဲ့အစည်းမှ တိုးတက်ထွန်းကား မလာနိုင်ပါဘူး။ ထိပ်ဆုံးရောက် လူချွန်လူမွန်တွေနဲ့ချည်း လူ့လောက သာယာလှပအောင် ဖန်တီးလို့မရပါဘူး။

ဂျီပီလေးလည်း ကောင်းတာပဲ
အောင်မြင်မှုကို အမှတ်ဘယ်လောက်ရသလဲ။ ရာထူးအဆင့် ဘယ်လောက်မြင့်သလဲဆိုတဲ့ ရလဒ်နဲ့ သတ်မှတ်တယ် ဆိုတာလည်း မှန်တယ်လို့မထင်ဘူး။ ကမ္ဘာ့ထိပ်သီးစာရင်းဝင် နှလုံးအစားထိုးကုသမှုဆရာဝန်ကြီးဖြစ်တာ ကောင်းပါတယ်။ တောကြိုအုံကြားမှာ မော်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့ တစ်ရွာဝင်တစ်ရွာထွက် လူနာတွေ လိုက်ကုပေးနေတဲ့ ရိုးရိုး ဂျီပီဆရာဝန်လေးလည်း အလားတူကောင်းတာပါပဲ။ ထူးထူးချွန်ချွန်မရှိလှလို့ MRCP၊ FRCS ဆိုတဲ့ တော်ဝင်ဘွဲ့ကြီးတွေလည်းမရ၊ အနောက်နိုင်ငံကြီးတွေဆိုတာလည်း မရောက်ခဲ့ရပေမယ့် ကျေးရွာဇနပုဒ်ကလေးတွေက ဆင်းရဲသူ ဆင်းရဲသားများအဖို့တော့ အဲဒီဂျီပီလေးဟာ တကယ့်လူ့အဖိုးတန် ဖြစ်ပါတယ်။ နှလုံးအတုကို ပထမဆုံး ပုံစံထုတ် ပြုလုပ်ပြီး လူနာကိုတပ်ဆင်ပေးခဲ့တဲ့ အမေရိကန်လူမျိုးဆရာဝန် ဒေါက်တာ ဂျားဗစ်ဆိုတာ အဲဒီတောသူတောင်သားများ အဖို့တော့ ဘာမှမဟုတ်ပါဘူး။

ဂျားဗစ်က သူတို့ဆီမလာ
ဘာကြောင့်လဲဆိုတော့ Dr.Jarvit ဒေါက်တာဂျားဗစ်က သူတို့ဆီလာတာမှ မဟုတ်တာ။ သူတို့ရဲ့ တောဆရာဝန်လေးကတော့ ညကြီးမင်းကြီး ပိုးထိလို့သွားခေါ်လည်း အိပ်ရာထဲကထပြီး လိုက်လာတာပဲ။ ရွာကလက်သည် မနိုင်တော့လို့ စောင်ပုခက်ကြီးနဲ့သယ်လာတဲ့ မွေးလူနာကိုလည်း သူ့အိမ်ရှေ့ခန်းမှာပဲ စောင်ကာပြီး ညှပ်ဆွဲမွေးပေးလိုက်တာပဲ။ ထန်းလျှောလို့ ခါးရိုးကျိုးသွားတဲ့လူနာဆိုရင်လည်း သူကိုယ်တိုင် ထော်လာဂျီစီးပြီး မြို့ဆေးရုံအရောက် လိုက်ပို့ပေးလိုက်တာပဲ။ အခကြေးငွေတို့ဘာတို့ စကားထဲထည့်ပြောနေတာ မဟုတ်ဘူး။ ထဖိုဦးထည်က (ထန်းဖိုဦးထန်းလျက်) ကလေးဖြစ်ဖြစ်၊ ပဲပေါ်ချိန်ပဲ၊ နှမ်းပေါ်ချိန်နှမ်း၊ စပါးပေါ်ချိန်စပါး၊ တစ်တောင်းတလေ လက်ဆောင်ပေးကန်တော့လိုက်ရင် ပြီးတာပဲ။ ဒါကြောင့် ဒေါက်တာခရစ္စတီယန်ဘားနဒ်ကြီး ဘယ်လောက်တော်တော်၊ ဒေါက်တာ ဂျားဗစ် ဘယ်လောက်ချွန်ချွန် သူတို့အတွက်တော့ သူတို့တောဆရာဝန်လေးလောက် အဖိုးမတန်ပါဘူး။

လုပ်ရပ်နဲ့ သတ်မှတ်သင့်
ဘ၀မှာ အောင်မြင်တယ်၊ လူ့အဖိုးတန်ဖြစ်တယ်ဆိုတာကို ရလဒ်နဲ့ မသတ်မှတ်ဘဲ လုပ်ရပ်နဲ့သတ်မှတ်သင့်တယ် ထင်ပါတယ်။ အရေးကြီးတာက ကိုယ်က ဘာပဲဖြစ်နေဖြစ်နေ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်နေရောက်နေ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ မာစတာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ မရလို့ ပါမောက္ခကြီး ဖြစ်မလာဘဲ တောကျောင်းမူလတန်းဆရာလေးပဲ ဖြစ်စေဦးတော့၊ ကျောင်းဆရာရဲ့တာဝန်ကို ကျောင်းဆရာပီသစွာ ထမ်းဆောင်တယ်ဆိုရင် လူ့အဖိုးတန်လို့ သတ်မှတ်ရမှာပါပဲ။ ကျောင်းဆရာက ကျူရှင်ပြစားပြီး ချမ်းသာအောင် လုပ်နေရင်တော့ ဘွဲ့တွေ ဘယ်နှထပ်ကွမ်းပဲရနေရနေ ဘာပါမောက္ခကြီးပဲဖြစ်နေဖြစ်နေ အာစရိယဂုဏောအနန္တောဆိုတဲ့ထဲ ထည့်ကြမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းဆရာမဟုတ်ဘဲ အသပြာဆရာ ဖြစ်သွားလို့ပါ။

ရပိုင်ခွင့်လို့ မထင်နဲ့
ကိုယ်တိုင်ရေးခဲ့တဲ့စာတွေက ဒီလိုစာမျိုးတွေပါ။ ကျောင်းဆရာလုပ်တုန်းကလည်း ဒါမျိုးတွေပဲ သင်ခဲ့ပါတယ်။ လူဖြစ်လာခိုက် လူ့တာဝန်ကျေဖို့၊ ကျောင်းဆရာက ကျောင်းဆရာတာဝန်ကျေဖို့၊ ဆရာဝန်က ဆရာဝန်တာဝန်ကျေဖို့၊ ၀န်ထမ်းက ၀န်ထမ်းတာဝန်ကျေဖို့ စတာတွေပါ။ ပြီးတော့ ဒီလိုတာဝန်ကျေတယ်ဆိုတာလည်း ကိုယ့်အလုပ်ကိုယ်လုပ်တာ ဖြစ်တဲ့အတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးကိုမှ ရယူပိုင်ခွင့်ရှိတယ်။ ကျေးဇူးတင်ခံထိုက်တယ်လို့ မယူဆဖို့ ဆိုတာမျိုးတွေပါ။ ကျောင်းသားတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို ရမှတ်နဲ့ အကဲမဖြတ်ရင် စာမေးပွဲကို ခိုးချတာတို့ အခြားမသမာမှုပြုတာတို့ ရှိမှာမဟုတ်ပါဘူး။ အလားတူပဲ လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို ရာထူးအဆင့်အတန်းတို့၊ ငွေကြေးနဲ့ စည်းစိမ်ချမ်းသာတို့နဲ့ အကဲမဖြတ်ရင် လာဘ်စားတာတို့၊ အထက်ဖားအောက်ဖိ လုပ်တာတို့ ရှိမယ်မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်မှုပဲဖြစ်ဖြစ်၊ လူ့အရည်အချင်းပဲဖြစ်ဖြစ်၊ လူ့တန်ဖိုးပဲဖြစ်ဖြစ် အကဲဖြတ်ရာမှာ ရလဒ်နဲ့မကြည့်ဘဲ လုပ်ရပ်နဲ့သာ ကြည့်သင့်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။

( Weekly Eleven News Journal အတွဲ ၄၊ အမှတ် ၄၄ မှ ပြန်လည်ကူးယူဖော်ပြပါသည် )