ဘုရားဂုဏ်တော်(၉)ပါး

7:13 AM Posted by mintaryar

၁။ အရဟံ =ပူဇော်အထူးကို ခံယူတော်မူထိုက်သောဂုဏ်။
၂။သမ္မာသမ္ဗုဒ္ဓေါ =သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် ပိုင်းခြားထင်ထင် သိမြင်သော မူသော
ဂုဏ်။
၃။ဝိဇ္ဇာစရဏ
သမ္ပန္နော =၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊စရဏ တရားဆယ့်ငါးပါးတို့နှင့်ပြည့်စုံတော်မူသောဂုဏ်။
၎။သုဂတော =မှန်ကန်သော စကားတို့ကိုကောင်းမွန်စွာ ပြောဆိုတော်မူသောဂုဏ်။
၅။လောက၀ိဒူ =သတ္တ ၊သင်္ခါရ ဘြကာသဟူသော လောကသုံးပါးအား
ကုန်စင်ခပင်းသိမြင်သော
မူသောဂုဏ်။
၆။အနုတ္တရောပုရိသ ဓမ္မာသာရထိ=မယဉ်ကျေးသော လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့အား ယဉ်ကျေးအောင်
ဆုံးမသင်ပေးတော်မူသောဂုဏ်။
၇။သတ္တာဒေ၀ မနုသာာနံ =လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့၏ ဆရာသခင် ဦးထိပ်တင်ကြီးဖြစ်တော်မူသော
ဂုဏ်။
၈။ဗုဒ္ဓေါ =သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်ပိုင်းခြား ထင်ထင်သိမြင်တော်မူပြီး သတ္တ
ဝါအပေါင်းတို့အားလည်းသိစေသောမူသောဂုဏ်။
၉။ဘဂ၀ါ =ဘုန်းတော်ခြောက်ပါး နှင့်ပြည့်စုံတော်မူသောဂုဏ်။

လူတော်တွေအများဆုံးကျင့်သုံးသော အမူအကျင့် ၁၀ မျိုး

2:17 PM Posted by mintaryar

၁၊ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂၊ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎၊ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅၊ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့ အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။

၇၊ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက မြစ်ဖျားခံတာပဲ။

၈၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။ (ဖတ်မှတ်ရသော ဗဟုသုတလေးကို ဖော်ပြပေးလိုက်ပါတယ်)

ကျင့်ဝတ်များ

1:39 PM Posted by mintaryar

သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ငါးပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

လင့်ကျင့်ဝတ် ငါးပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင့်ကျင့်ရာ။

မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွယ်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အရှင်ကျင့်ဝတ် ငါးပါး
ဝစ္စာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင် ကုစေ၊ ငှဝေ ရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

လုပ်သားကျင့်ဝတ် ငါးပါး
အိပ်သော် နောက်ကျ၊ ထသော်ကား ရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်လုပ်သားကျင့်ဖို့ရာ။

ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင် ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ကျင့်လေ ဒါယကာ။

ရဟန်းကျင့်ဝတ် ခြောက်ပါး
မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

1:36 PM Posted by mintaryar

အကျိုးပြုခြင်း

1:36 PM Posted by mintaryar

တစ်ခါတုန်းက ရွာတစ်ရွာမှာ အရမ်းချမ်းသာပြီး ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့ သူဌေကြီးတစ်ဦးရှိပါတယ်။ ရွာသူရွာသားတွေဟာ အဲဒီလူကို အင်မတန်မှကို ရွံရှာစက်ဆုပ်ကြပါသတဲ့။ တစ်ရက်တော့ အဲဒီသူဌေးကြီးက ရွာသူရွာသားတွေကို ပြောပါတယ်။
"မင်းတို့တွေဟာ ငါ့ရဲ့ချမ်းသာမှုတွေကို မနာလိုကြတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဘာကြောင့်မို့ ငါဟာ ငွေရရင်ပြီးရောဆိုတဲ့ ငွေမျက်နှာတစ်ခုတည်း ကြည့်တတ်သလဲဆိုတာကို နားမလည်ကြတာလဲဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ငါ့ကိုမနှစ်သက်ကြ၊ မုန်းတီးကြတယ်ဆိုတာကို ငါသိပါတယ်။ ငါသေသွားတဲ့အခါ ငါနဲ့အတူ ဘာမှယူမသွားနိုင်တာလည်း ငါသိပါတယ်။ အဲဒီငါသေတဲ့အချိန်ကျရင် ငါ့မှာပိုင်ဆိုင်သမျှအရာအားလုံးကို အခြားလူတွေအားလုံးအတွက် စွန့်လှူသွားမှာပါ။ ငါသေခါနီးရင် ငါပိုင်ဆိုင်သမျှတွေကို အခြားလူတွေအတွက် အသုံးဝင်မယ့်နေရာအားလုံးမှာ ပေးလှူဖို့အတွက် သေတမ်းစာရေးမယ်။ အဲဒီအခါမှာ အခြားလူတွေအားလုံး ၀မ်းသာကျေနပ်ကြမှာပါ"

သူဌေးကြီးက အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲ ရွာသူရွာသားတွေဟာ သူ့ကိုလှောင်ပြောင်ရယ်မော ပြက်ရယ်ပြုကြပါတယ်။

သူဌေးကြီးလည်း စိတ်ရှုပ်သွားပြီး
"မင်းတို့တွေကလည်း ဘာကြောင့်မို့ ငါ့ကိုမယုံမကြည်ဖြစ်နေကြရတာလဲ။ ငါ့အသက်တွေလည်း ကြီးပါပြီ။ နောက်ထပ်နှစ်အနည်းငယ်ထက်ပိုပြီး နေရဖို့မရှိပါဘူး။ အဲဒီအချိန်အထိစောင့်ပြီး ငါ့စကားတွေမှန်မမှန် စောင့်ကြည့်ကြပါဦးလား။ ငါ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို အခြားလူတွေအတွက် တကယ်ပေးလှူမှာပါကွာ" လို့ ပြောပါတယ်။

ရွာသားတွေကတော့ သူပြောသမျှကို လုံးဝကို အယုံအကြည်မရှိကြပါဘူးတဲ့။ သူပြောသမျှဟာ သူတို့အတွက် ရယ်စရာဟာသတွေချည်းပဲ ဖြစ်နေတော့တာပါပဲ

"မင်းတို့တွေက ငါ့ကို လူလိမ်တစ်ယောက်လို့ တင်နေလို့လား။ ငါလည်း တစ်နေ့ကျရင် အခြားလူတွေလိုပဲ သေမှာပါ။ အဲဒီအခါကျရင် ငါ့ရဲ့ပိုင်ဆိုင်သမျှတွေကို အခြားလူတွေအတွက် လှူဒါန်းပေးကမ်းမယ်ဆိုတာ ငါဆုံးဖြတ်ထားပြီးသားပါကွ" လို့ ပြောရင်း သူပြောတာကို ရွာသူရွာသားတွေဟာ ဘာကြောင့်မယုံကြည်ကြသလဲ ဆိုတာကို နားမလည်နိုင်ဘူးဖြစ်နေပါသတဲ့။

တစ်ရက် သူလမ်းလျှောက်ထွက်နေတုန်း မမျှော်လင့်ဘဲ ဗြုန်းစားကြီးမိုးရွာချလိုက်ပါတယ်။ သူလည်း သစ်ပင်တစ်ပင်အောက်ကိုဝင်ပြီး မိုးခိုပါတယ်။ အဲဒီအချိန်မှာပဲ အပင်အောက်ကို မိုးခိုဖို့အတွက် အတူတကွဝင်လာတဲ့ ၀က်တစ်ကောင်နဲ့ နွားမတစ်ကောင်ကို တွေ့ပါတယ်။ သူဌေးကြီးလည်း အဲဒီဝက်နဲ့ နွားမဘာတွေပြောသလဲဆိုတာကို နားထောင်နေမိပါသတဲ့။

ဝက်ကပြောပါတယ်
"လူတွေအားလုံးက မင်းကို သိပ်ပြီးအရေးတယူလုပ်ကြပြီး ငါ့ကိုတော့ ဂရုမစိုက်ကြဘူးကွာ။ တကယ်ဆိုရင် ငါသေတဲ့အချိန်ကျရင် သူတို့အတွက် ၀က်ပေါင်ခြောက်တွေ၊ ၀က်ဆားနယ်ခြောက်တွေ၊ အသားချောင်းတွေ အများကြီးရကြတယ်ကွ။ ငါ့အရေခွံအခေါက်ကိုလည်း သူတို့လွှင့်မပစ်ရဘူး၊ ငါ့နားရွက်တွေ၊ မျက်လုံးတွေ၊ လျှာတွေ၊ နောက်ဆုံး ကလီစာတွေ၊ အူတွေအထိ သူတို့အတွက် အသုံးဝင်ပါတယ်ကွာ။ ငါက ဒီလောက်အများကြီး သူတို့အတွက် အသုံးဝင်နေပါလျက်နဲ့ နွားနို့တစ်ခုပဲ သူတို့အတွက်ရတဲ့ မင်းကိုကျတော့ ဘာကြောင့် အရေးပေးကြတာလဲကွာ၊ အလေးထားကြတာလဲကွာ၊ ဂရုစိုက်ကြတာလဲကွာ"

နွားမက ၀က်ကို ပြန်ပြောပါတယ်။
"ဒီမှာဝက်၊ ငါက အသက်ရှင်နေတုန်းမှာ သူတို့အတွက် နွားနို့ပေးတယ်။ အဲဒီနွားနို့ဟာလည်း ငါပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ ဒါပေမယ့် ငါဟာ အဲဒီတစ်ခုတည်းကိုပဲ မတွန့်မတို သဘောထားကြီးကြီးနဲ့ သူတို့တွေသုံးဖို့အတွက် ငါအသက်ရှင်နေစဉ်ကာလမှာ ပေးတယ်ဆိုတာ သူတို့နားလည်ကြတယ်။ မင်းကတော့ မင်းအသက်ရှင်နေစဉ်ကာလမှာ သူတို့အတွက် အသုံးဝင်မယ့်အရာ ဘာများပေးလို့လဲကွာ။ မင်းသေပြီးတဲ့အချိန်ကျမှသာ မင်းဟာ သူတို့အတွက် အသုံးဝင်တာကွ။ လူတွေက အနာဂတ်ဆိုတာကို မယုံကြည်ကြဘူးကွ။ သူတို့တွေဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ ယုံကြည်ကြတယ်။ မင်းသာ သူတို့ကို အခုလက်ရှိပစ္စုပ္ပန် အသက်ရှင်နေစဉ်ကာလမှာတင် အကျိုးပြုမယ်ဆိုရင် သူတို့ကလည်း မင်းကိုဂရုစိုက် အလေးထားကြပါလိမ့်မယ်။ ဒါဟာ ဘာမှစဉ်းစားရခက်ခဲတဲ့အရာ မဟုတ်ပါဘူးကွာ။ ရိုးရိုးလေးပါ"

အဲဒီအချိန်ကစပြီး သူဌေးကြီးဟာ သူပိုင်ဆိုင်သမျှအရာအားလုံးကို ဆင်းရဲသားတွေအတွက် ဝေမျှ လှူဒါန်းလိုက်ပါတယ်။ သူကတော့ ရှိသမျှနဲ့ ရောင့်ရဲနေထိုင်ပြီး ပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။

( အီးမေးလ်ကနေတစ်ဆင့်ရထားခြင်းဖြစ်ပါတယ် )

အောင်မြင်မှုဆိုတာ ရလဒ်လား၊လုပ်ရပ်လား-လူထုစိန်ဝင်း

1:34 PM Posted by mintaryar

အတော်များများက လူငယ်စာရေးဆရာ (လူငယ်တွေအကြောင်း ရေးတာကိုပြောတာပါ) အဖြစ် အသိအမှတ်ပြုထားကြပြီးတော့ လူငယ်တွေအကြောင်း စာရေးပေးဖို့ အမြဲလိုလိုတောင်းဆိုတတ်ကြတယ်။ အထူးသဖြင့် လူငယ်တွေအတွက် အောင်မြင်ရေးတို့၊ ဘ၀လမ်းညွှန်တို့၊ ဆိုတာမျိုးတွေကို လိုချင်ကြတာများတယ်။ အောင်မြင်ရေးဆိုတာ လူငယ်တိုင်းအတွက် ဘ၀ရည်မှန်းချက်လို့ သူတို့ယူဆထားကြပုံရပါတယ်။

လမ်းမညွှန်တတ်
နှစ်ပေါင်းနှစ်ဆယ်အစိတ် ကျောင်းဆရာအလုပ် လုပ်ခဲ့ဖူးတော့ ကျောင်းသားလူငယ်တွေနဲ့ လက်ပွန်းတတီး နီးစပ်မှုရှိပါတယ်။ လူငယ်တွေရဲ့ စရိုက်ကိုလည်း တော်တော်လေးနားလည်နိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ပတ်သက်တဲ့ စာမျိုးတွေ အရေးများတာဖြစ်တယ်။ ဒါပေမယ့် အောင်မြင်ရေးစာပေမျိုး၊ ဘ၀လမ်းညွှန်စာပေမျိုး တွေတော့ မဟုတ်ပါဘူး။ အဲဒါတွေကို နားလည်းမလည်ပါဘူး။ အောင်မြင်သူဘ၀မျိုး တစ်ခါမှ မရခဲ့ဖူးသလို ဘ၀လမ်းညွှန်လုပ်ဖို့ဆိုတာလည်း ကိုယ့်ဘ၀ကိုယ်တောင် လမ်းမညွှန်တတ်လို့ အသွားမတော်တစ်လှမ်း ဆိုတဲ့ ခရီးမျိုး ခဏခဏရောက်သွားခဲ့ဖူးတာလေ။ ဒီတော့ သူများတွေကို အောင်မြင်အောင် ဘယ်လမ်းညွှန်နိုင်မှာလဲ။

သူများတာလို့ လိုက်မတာနဲ့
ကိုယ်ရေးခဲ့တာတွေကို ပြန်စဉ်းစားကြည့်မိတယ်။ အများစုက လူငယ်တွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းပြီး သူများကို အားကိုးလွန်းတာတွေ ပျောက်အောင်လုပ်ဖို့အကြောင်း၊ သူများကွန်ပျူတာဆို လိုက်တာလိုက်၊ သူများ အယ်လ်စီစီအိုင်ဆို လိုက်အိုင်လိုက်၊ သူများ ကိုရီးယားဆို လိုက်ယားလိုက် လုပ်မနေကြဘဲ ကိုယ်ဘာဝါသနာပါတာလဲ၊ ကိုယ်ဘာဖြစ်ချင် လုပ်ချင်တာလဲဆိုတာကို ကိုယ့်ဟာကိုယ် သေသေချာချာသိအောင်လုပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့အကြောင်း Nothing is impossible under the sun လောကကြီးမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဆိုတာကို ယုံကြည်ဖို့အကြောင်း၊ လူဖြစ်လာခိုက်မှာ လူပီသအောင်နေဖို့အကြောင်း လူတိရစ္ဆာန် Manimal မဖြစ်စေသင့်ကြောင်းဆိုတဲ့အကြောင်းတွေသာ များတာကို သတိထားမိပါတယ်။ ဒါမျိုးတွေကို အောင်မြင်ရေးစာပေလို့ မခေါ်နိုင်ဘူးထင်တာပါပဲ။

ဆုံးရှုံးသူတွေလား
အောင်မြင်ရေးဆိုတဲ့ စကားပြောကြလွန်းတော့ အောင်မြင်ရေးဆိုတာ ဘာလဲဆိုတဲ့အကြောင်း စဉ်းစားကြည့်တယ်။ ပညာရေးမှာဖြစ်ဖြစ်၊ စီးပွားရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် ထူးထူးချွန်ချွန်၊ ပေါက်ပေါက်မြောက်မြောက်ဖြစ်တာကို ဆိုလိုတာလား။ ဒါဆိုရင် တစ်ဖက်ဖက်မှာ လူတစ်လုံးသူတစ်လုံး ဖြစ်မလာသူတွေက မအောင်မြင်တဲ့ ဆုံးရှုံးသူတွေလား။ တစ်သက်လုံး မျက်နှာငယ်ငယ်နဲ့ နေရမှာလား။ ဒီလိုတော့ မဟုတ်သေးဘူးထင်တယ်။ လူ့လောကမှာ ထူးချွန်ပေါက်မြောက်ပြီး ထိပ်ဆုံးရောက်သူနဲ့ သူလိုငါလို အလယ်အလတ်နေရာလောက်ရောက်သူ ဘယ်သူက ပိုများသလဲ။ စဉ်းစားဖို့တောင်မလိုဘူး။ လူတိုင်းသိပါတယ်။ လူများစုကြီးဖြစ်တဲ့ သူလိုငါလိုအလယ်အလတ်သမားတွေကို ပစ်ပယ်ထားလိုက်ရင် ဘယ်နိုင်ငံဘယ်လူ့အဖွဲ့အစည်းမှ တိုးတက်ထွန်းကား မလာနိုင်ပါဘူး။ ထိပ်ဆုံးရောက် လူချွန်လူမွန်တွေနဲ့ချည်း လူ့လောက သာယာလှပအောင် ဖန်တီးလို့မရပါဘူး။

ဂျီပီလေးလည်း ကောင်းတာပဲ
အောင်မြင်မှုကို အမှတ်ဘယ်လောက်ရသလဲ။ ရာထူးအဆင့် ဘယ်လောက်မြင့်သလဲဆိုတဲ့ ရလဒ်နဲ့ သတ်မှတ်တယ် ဆိုတာလည်း မှန်တယ်လို့မထင်ဘူး။ ကမ္ဘာ့ထိပ်သီးစာရင်းဝင် နှလုံးအစားထိုးကုသမှုဆရာဝန်ကြီးဖြစ်တာ ကောင်းပါတယ်။ တောကြိုအုံကြားမှာ မော်တော်ဆိုင်ကယ်လေးတစ်စင်းနဲ့ တစ်ရွာဝင်တစ်ရွာထွက် လူနာတွေ လိုက်ကုပေးနေတဲ့ ရိုးရိုး ဂျီပီဆရာဝန်လေးလည်း အလားတူကောင်းတာပါပဲ။ ထူးထူးချွန်ချွန်မရှိလှလို့ MRCP၊ FRCS ဆိုတဲ့ တော်ဝင်ဘွဲ့ကြီးတွေလည်းမရ၊ အနောက်နိုင်ငံကြီးတွေဆိုတာလည်း မရောက်ခဲ့ရပေမယ့် ကျေးရွာဇနပုဒ်ကလေးတွေက ဆင်းရဲသူ ဆင်းရဲသားများအဖို့တော့ အဲဒီဂျီပီလေးဟာ တကယ့်လူ့အဖိုးတန် ဖြစ်ပါတယ်။ နှလုံးအတုကို ပထမဆုံး ပုံစံထုတ် ပြုလုပ်ပြီး လူနာကိုတပ်ဆင်ပေးခဲ့တဲ့ အမေရိကန်လူမျိုးဆရာဝန် ဒေါက်တာ ဂျားဗစ်ဆိုတာ အဲဒီတောသူတောင်သားများ အဖို့တော့ ဘာမှမဟုတ်ပါဘူး။

ဂျားဗစ်က သူတို့ဆီမလာ
ဘာကြောင့်လဲဆိုတော့ Dr.Jarvit ဒေါက်တာဂျားဗစ်က သူတို့ဆီလာတာမှ မဟုတ်တာ။ သူတို့ရဲ့ တောဆရာဝန်လေးကတော့ ညကြီးမင်းကြီး ပိုးထိလို့သွားခေါ်လည်း အိပ်ရာထဲကထပြီး လိုက်လာတာပဲ။ ရွာကလက်သည် မနိုင်တော့လို့ စောင်ပုခက်ကြီးနဲ့သယ်လာတဲ့ မွေးလူနာကိုလည်း သူ့အိမ်ရှေ့ခန်းမှာပဲ စောင်ကာပြီး ညှပ်ဆွဲမွေးပေးလိုက်တာပဲ။ ထန်းလျှောလို့ ခါးရိုးကျိုးသွားတဲ့လူနာဆိုရင်လည်း သူကိုယ်တိုင် ထော်လာဂျီစီးပြီး မြို့ဆေးရုံအရောက် လိုက်ပို့ပေးလိုက်တာပဲ။ အခကြေးငွေတို့ဘာတို့ စကားထဲထည့်ပြောနေတာ မဟုတ်ဘူး။ ထဖိုဦးထည်က (ထန်းဖိုဦးထန်းလျက်) ကလေးဖြစ်ဖြစ်၊ ပဲပေါ်ချိန်ပဲ၊ နှမ်းပေါ်ချိန်နှမ်း၊ စပါးပေါ်ချိန်စပါး၊ တစ်တောင်းတလေ လက်ဆောင်ပေးကန်တော့လိုက်ရင် ပြီးတာပဲ။ ဒါကြောင့် ဒေါက်တာခရစ္စတီယန်ဘားနဒ်ကြီး ဘယ်လောက်တော်တော်၊ ဒေါက်တာ ဂျားဗစ် ဘယ်လောက်ချွန်ချွန် သူတို့အတွက်တော့ သူတို့တောဆရာဝန်လေးလောက် အဖိုးမတန်ပါဘူး။

လုပ်ရပ်နဲ့ သတ်မှတ်သင့်
ဘ၀မှာ အောင်မြင်တယ်၊ လူ့အဖိုးတန်ဖြစ်တယ်ဆိုတာကို ရလဒ်နဲ့ မသတ်မှတ်ဘဲ လုပ်ရပ်နဲ့သတ်မှတ်သင့်တယ် ထင်ပါတယ်။ အရေးကြီးတာက ကိုယ်က ဘာပဲဖြစ်နေဖြစ်နေ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်နေရောက်နေ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ မာစတာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ မရလို့ ပါမောက္ခကြီး ဖြစ်မလာဘဲ တောကျောင်းမူလတန်းဆရာလေးပဲ ဖြစ်စေဦးတော့၊ ကျောင်းဆရာရဲ့တာဝန်ကို ကျောင်းဆရာပီသစွာ ထမ်းဆောင်တယ်ဆိုရင် လူ့အဖိုးတန်လို့ သတ်မှတ်ရမှာပါပဲ။ ကျောင်းဆရာက ကျူရှင်ပြစားပြီး ချမ်းသာအောင် လုပ်နေရင်တော့ ဘွဲ့တွေ ဘယ်နှထပ်ကွမ်းပဲရနေရနေ ဘာပါမောက္ခကြီးပဲဖြစ်နေဖြစ်နေ အာစရိယဂုဏောအနန္တောဆိုတဲ့ထဲ ထည့်ကြမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းဆရာမဟုတ်ဘဲ အသပြာဆရာ ဖြစ်သွားလို့ပါ။

ရပိုင်ခွင့်လို့ မထင်နဲ့
ကိုယ်တိုင်ရေးခဲ့တဲ့စာတွေက ဒီလိုစာမျိုးတွေပါ။ ကျောင်းဆရာလုပ်တုန်းကလည်း ဒါမျိုးတွေပဲ သင်ခဲ့ပါတယ်။ လူဖြစ်လာခိုက် လူ့တာဝန်ကျေဖို့၊ ကျောင်းဆရာက ကျောင်းဆရာတာဝန်ကျေဖို့၊ ဆရာဝန်က ဆရာဝန်တာဝန်ကျေဖို့၊ ၀န်ထမ်းက ၀န်ထမ်းတာဝန်ကျေဖို့ စတာတွေပါ။ ပြီးတော့ ဒီလိုတာဝန်ကျေတယ်ဆိုတာလည်း ကိုယ့်အလုပ်ကိုယ်လုပ်တာ ဖြစ်တဲ့အတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးကိုမှ ရယူပိုင်ခွင့်ရှိတယ်။ ကျေးဇူးတင်ခံထိုက်တယ်လို့ မယူဆဖို့ ဆိုတာမျိုးတွေပါ။ ကျောင်းသားတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို ရမှတ်နဲ့ အကဲမဖြတ်ရင် စာမေးပွဲကို ခိုးချတာတို့ အခြားမသမာမှုပြုတာတို့ ရှိမှာမဟုတ်ပါဘူး။ အလားတူပဲ လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ အရည်အချင်းကို ရာထူးအဆင့်အတန်းတို့၊ ငွေကြေးနဲ့ စည်းစိမ်ချမ်းသာတို့နဲ့ အကဲမဖြတ်ရင် လာဘ်စားတာတို့၊ အထက်ဖားအောက်ဖိ လုပ်တာတို့ ရှိမယ်မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်မှုပဲဖြစ်ဖြစ်၊ လူ့အရည်အချင်းပဲဖြစ်ဖြစ်၊ လူ့တန်ဖိုးပဲဖြစ်ဖြစ် အကဲဖြတ်ရာမှာ ရလဒ်နဲ့မကြည့်ဘဲ လုပ်ရပ်နဲ့သာ ကြည့်သင့်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။

( Weekly Eleven News Journal အတွဲ ၄၊ အမှတ် ၄၄ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

အောင်မြင်မှုဆိုတာ ရလဒ်လား၊လုပ်ရပ်လား -လုထုစိန်ဝင်း

1:32 PM Posted by mintaryar